ဆီးချိုရှိရင် သတိထားစားသောက်ရမယ့် ဟင်းသီးဟင်းရွက်များ
ဆီးချိုဖြစ်ရင် ထမင်းလျှော့စားရမယ်၊ ဟင်းသီးဟင်းရွက်တွေ များများစားရမယ်ဆိုပြီး တော်တော်များများက သိထားကြပါတယ်။ ဆီးချိုရောဂါရှင်တွေ စားသင့်တဲ့ ထမင်းပန်းကန်ပုံစံမှာလည်း ၄ ပုံပုံရင် ၂ ပုံက ဟင်းသီးဟင်းရွက်၊ ကျန်တဲ့ ၁ ပုံက အသားနဲ့ နောက် ၁ ပုံက ထမင်းစားသင့်တယ်လို့ အကြမ်းဖျင်း ပြောလေ့ရှိကြပါတယ်။
ဟင်းသီးဟင်းရွက် ပိုစားရမှာ မှန်ပေမယ့် ဟင်းသီးဟင်းရွက်တွေထဲမှာလည်း ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်တွေ များပြာစွာပါဝင်နေတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိနေပါတယ်။ အဲဒီဟင်းသီးဟင်းရွက်တွေကို စားမိတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေမှာ အမှန်ပါပဲ။
ဘယ်လိုဟင်းသီးဟင်းရွက်တွေက ကစီဓာတ်ပိုများသလဲ?
ဘယ်ဟင်းသီးဟင်းရွက်က ကစီဓာတ်ပိုများတယ်လို့ ကြိမ်းသေပြောလို့ မရပေမယ့် မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက် ပန်ကန်လုံးတစ်ခုစာ ဒါမှမဟုတ် ချက်ပြုတ်ပြီးသား ဟင်းသီးဟင်းရွက် ပန်ကန်လုံးတဝက်စာမှာ ကာဗိုဟိုက်ဒရိတ် ၁၅ မီလီဂရမ်ပါတယ်ဆိုရင် ကစီဓာတ်များတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။
နောက်တစ်ခုအနေနဲ့ ချက်ပြုတ်လိုက်တဲ့အခါ စေးကပ်တဲ့ပုံသဏ္ဍာန်ရှိရင် ကစီဓာတ်များတယ်လို့ သိနိုင်ပါတယ် (ဥပမာ- ပြောင်းဖူး၊ အာလူး စသည်)။
စားလိုက်တဲ့ ကစီဓာတ်တွေကို အစာခြေအင်ဇိုင်းတွေက ခြေဖျက်ပြီး ဂလူးကိုစ့်အဖြစ် ပြောင်းလိုက်တဲ့အတွက် ကစီဓာတ်များများ စားလေလေ သွေးတွင်းသကြားဓာတ် ပိုများလေလေ ဖြစ်မှာပါ။
ဒါကြောင့် ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို စားမယ်ဆိုရင် ဟင်းရွက်အနေနဲ့ မဟုတ်ဘဲ ၄ ပုံ ၁ ပုံပဲစားသင့်တဲ့ ကာဗိုဟိုက်ဒရိတ် အစိတ်အပိုင်းထဲ ထည့်သွင်းစားသုံးသင့်ပါတယ်။ ဒါမှသာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူ ဖြစ်နိုင်မှာပါ။
ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက ဘာလဲ?
ပြောင်းဖူး၊ အာလူး
ရွှေဖရုံသီး၊ ပဲစိမ်းသီး
သီးမွှေးငှက်ပျော
ကန်စွန်းဥ၊ အာတာလွတ်ဥ၊ ပိန်းဥ စတာတွေက ကစီဓာတ်များလို့ သတိထားစားသင့်ပါတယ်။
ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေကတော့
မုန်လာဥနီ၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ မှို၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ ဟင်းနုနွယ် စတဲ့ အစိမ်းရောင်အရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ ဖြစ်ပြီး အများဆုံးစားသင့်တဲ့ အစားအစာတွေလည်း ဖြစ်ပါတယ်။
Glycaemic index (GI)) လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ် ညွှန်ကိန်းဆိုတာ ရှိပါတယ်။ GI ၁ ကနေ ၅၅ ထိကို နည်းတယ်လို့ ပြောနိုင်ပြီး ၅၆ ကနေ ၆၉ ထိကို အတန်အသင့်နဲ့ ၇၀ အထက်ကို များတယ်လို့ သတ်မှတ်ပါတယ်။
ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ပုံကလည်း
သွေးတွင်းသကြားဓာတ်ကို သက်ရောက်မှု ရှိပါတယ်။ ဥပမာ အာလူးကို ပြုတ်စားရင် GI က ၅၅ အောက်မှာပဲ ရှိပေမယ့် ပြင်သစ်အာလူးကြော်မျိုး ကြော်စားရင်တော့ GI က ၉၅ ဖြစ်သွားပါတယ်။ သွေးတွင်းသကြားဓာတ်လည်း သေချာပေါက် တက်လာပါလိမ့်မယ်။
ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက လုံးဝမစားသင့်တာ၊ ရှောင်ရမှာတော့ မဟုတ်ပါဘူး။ ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ၊ antioxidants တွေ ရဖို့အတွက် အတန်အသင့်ပမာဏကို ချင့်ချိန်ပြီး ပုံမှန်စားပေးဖို့တော့ လိုအပ်ပါတယ်။ ပြုတ်စားတာ၊ အရည်သောက်အနေနဲ့စားတာ၊ သုပ်စားတာမျိုးက ဆီးချိုရောဂါရှင်တွေအတွက် ပိုသင့်တော်ပါလိမ့်မယ်။
ဒါကြောင့် မိမိရဲ့ သွေးတွင်းသကြားဓာတ် အခြေအနေပေါ်မူတည်ပြီး ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို ချင့်ချိန်ပြီး စားသုံးကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်